ကျွန်တော့်ကဗျာ အများစုဟာ untitled တွေဖြစ်နေတတ်ပါတယ်
ဘာလို့လဲဆိုတော့ ကျွန်တော့်ခံစားချက်တွေကို ခေါင်းစဉ်က အနားသတ်လိုက်သလိုခံစားရလို့ပါ့....။ အခုလဲ 2008 တုန်းက untitled လေးကို ပြန်တင်လိုက်ပါတယ်...လူစိမ်း(06)
Untitled-19
====================================
စိတ်တံခါးတစ်ချပ်ကို ဖွင့်ချလိုက်တော့
ဖုန်တွေတထောင်းထောင်းထ
သူမအကြောင်းတွေတိုးဝှေ့ပြီး ပြေးထွက်လာကြ
မညီမညာ မပီကလာ
မာနပင်တွေ ထိုးစိုက်ကြည့်လိုက်တယ်
နောက်နေ့မနက်ခင်းဟာ
နေလည်းမပူနိုင်တော့ဘူး
အချစ်မရှိတဲ့ဘ၀က
မနွေးတော့တဲ့ကော်ဖီတစ်ခွက်
မေဘယ်လ် ပင်တွေဝေနေသလိုမျိုး
ဆောင်းဦးရွက်တွေကြွေနေသလိုမျိုး
စိတ်ကူးယဉ်မဆန်လေတော့
အိပ်မက်တွေဟာ
သူမကိုယ်သင်းရနံ့မှာတင်
အကြိမ်ကြိမ် မွမွကြေခဲ့ရ
မွမွကြွေခဲ့ရ
တစ်တောလုံး “နီ”လို့။
နာရီစက်သံဟာ
ကုန်သွားသမျှ မျှော်လင့်ခြင်းတို့ရေတွက်ခဲ့ပေါ့
မျက်ဝန်းညိုလေးကိုလွမ်းရတာဟာ
ကျွန်တော်မဖတ်နိုင်တဲ့
ဆောင်းရနံ့သင်းသင်း ညခင်းမျိုးမှာအိပ်စက်ရသလိုမျိုး
တိမ်ရောင်စုံတွေဆီ
စိတ်ရောင်စုံတွေဆီ
သူမပုံရိပ်လေးသရိုးသရီ
အကြည့်တစ်ချက်နဲ့တင် တစ်ဘ၀စာမူးတယ်။
ဒီကဗျာလေးကို ၂၀၀၈ တုန်း ကရေးခဲ့ပါတယ်။
အဲဒီတုန်းက ရည်ရွယ်သူတစ်ယောက်အတွက်ပေါ့။ အဲ အခုတော့ ဟုတ်တော့ဘူးနော်။
သားသား ငရဲတော့ကြောက်တတ်တယ်.။
အဲဒီ ကဗျာ မှာ ပါတဲ့ ပိတောက်ပန်းခြောက်လေးတွေ က အဲဒီတုန်းက ခူးထားတာပေါ့။
မှတ်မှတ်ရရ ကဗျာရေးနေတုန်း မိုးတွေရွာလာတယ် ည၂း၃၀ လောက်မှာပေါ့ ။သင်္ကြန်လက်ဆေးမိုးလေ...။
အဲဒီမှာပွင့်တဲ့ ပထမဦးဆုံး ပိတောက် ကိုထခူး....။
သူ့ကိုပေးဖို့ ထားသလိုအမှတ်တရလဲသိမ်းပေါ့...။ အခု ပိတောက်တွေက အဲဒီ ၂၀၀၈
တုန်းက ပထမဆုံးပွင့်တဲ့ပိတောက်တွေ....၂၀၁၃ ရောက်မှပဲ ရဲရဲဝံ့ဝံ့
ပြန်ကြည့်ရဲတော့တယ် (လွမ်းမှာစိုးလို့)။ အခုတော့ ပို့စ်မှာတင်ရဲပါပြီ။
။လူစိမ်း(06)