ကျွန်တော့်ကဗျာ အများစုဟာ untitled တွေဖြစ်နေတတ်ပါတယ်
ဘာလို့လဲဆိုတော့ ကျွန်တော့်ခံစားချက်တွေကို ခေါင်းစဉ်က အနားသတ်လိုက်သလိုခံစားရလို့ပါ့.
Untitled-19
==============================
စိတ်တံခါးတစ်ချပ်ကို ဖွင့်ချလိုက်တော့
ဖုန်တွေတထောင်းထောင်းထ
သူမအကြောင်းတွေတိုးဝှေ့ပြီး ပြေးထွက်လာကြ
မညီမညာ မပီကလာ
မာနပင်တွေ ထိုးစိုက်ကြည့်လိုက်တယ်
နောက်နေ့မနက်ခင်းဟာ
နေလည်းမပူနိုင်တော့ဘူး
အချစ်မရှိတဲ့ဘ၀က
မနွေးတော့တဲ့ကော်ဖီတစ်ခွက်
မေဘယ်လ် ပင်တွေဝေနေသလိုမျိုး
ဆောင်းဦးရွက်တွေကြွေနေသလိုမျို
စိတ်ကူးယဉ်မဆန်လေတော့
အိပ်မက်တွေဟာ
သူမကိုယ်သင်းရနံ့မှာတင်
အကြိမ်ကြိမ် မွမွကြေခဲ့ရ
မွမွကြွေခဲ့ရ
တစ်တောလုံး “နီ”လို့။
နာရီစက်သံဟာ
ကုန်သွားသမျှ မျှော်လင့်ခြင်းတို့ရေတွက်ခဲ့ပေ
မျက်ဝန်းညိုလေးကိုလွမ်းရတာဟာ
ကျွန်တော်မဖတ်နိုင်တဲ့
ဆောင်းရနံ့သင်းသင်း ညခင်းမျိုးမှာအိပ်စက်ရသလိုမျိုး
တိမ်ရောင်စုံတွေဆီ
စိတ်ရောင်စုံတွေဆီ
သူမပုံရိပ်လေးသရိုးသရီ
အကြည့်တစ်ချက်နဲ့တင် တစ်ဘ၀စာမူးတယ်။
ကမ္ဘာ့အယဉ်ကျေးဆုံးခံစားမှုမှာ
ဖွင့်မရတဲ့တံခါးတစ်ချပ်ရှိဘူးလေ
ကဗျာတစ်ပုဒ်လို တစ်မက်တမောဖက်ဖူးတဲ့
မျက်နှာရိပ်တွေလဲရှိရဲ့
အသံချိုချို ပညာပိုပိုနဲ့
ဆန့်ကျင်ဘက်စကားပြောစက်လေးလဲရှိ
စိတ္တဇနဲ့တိုးဝင်ကြည့်တိုင်း
ဒီအခန်းမျိုးမှာ
ကျွန်တော်ဟာ မည်သည့် “တစ်ဦးတည်းသော”မျှမဟုတ်
ကောင်းကင်ကိုမော့ကြည့်ပြီး
မျက်ရည်တွေ သိုသိပ်ခဲ့ရ
အငိုတိတ်ဖို့ ….ကြိုအိပ်ခဲ့ရ
အချစ်ဆိုတာ……မျက်နှာလိုက်တဲ့ စာရေးဆရာပေါ့။
ဆန့်ကျင်ဘက် ရလာဒ်တစ်ခုကို မျိုချတိုင်း
အဆိပ်တစ်ခွက်ကိုတောင့်တ
ကမ္ဘာဟာ အချိုးမညီဘူး
ကမ္ဘာဟာ အချိုးမပြေဘူး
ကော်ဖီတစ်ခွက်ဖြစ်ခွင့်မရတဲ့ မနက်ဖြန်မှာ
သူမနှုတ်ခမ်းနဲ့ ထိတွေ့စရာအကြောင်းမရှိလေတော့
ဖြေဆည်တတ်ဖို့တော့လိုပါလိမ့်မယ်
တဖျတ်ဖျတ်ပြုတ်ကျနေတဲ့စိတ်ဓါတ်ေ
စိတ်ကူးယဉ်တာတွေ လျှော့ဖို့လိုပါလိမ့်မယ်
ဘ၀က
ဖြစ်တည်မှုတစ်ခုနဲ့တင် အလုပ်မဖြစ်ဘူး..
အနှုတ်လက္ခဏာနဲ့ ဒီပုစ္ဆာမှာ
ပိုချစ်တတ်လေ
ပိုစွန့်တတ်လာလေ……
“သူမ ပျော်ရွှင်ချမ်းမြေ့စေ”။ ။
လူစိမ်း(06)
No comments:
Post a Comment